ကလေးများရဲ့ ဦးနှောက်ဖွံ့ဖြိုးစေရန်အတွက် အရေးကြီးဆုံးကာလများဖြစ်တဲ့ ကလေးဘဝအစောပိုင်းကာလများအတွင်းမှာ ကလေးများ၏ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ရန် လိုအပ်ပါတယ်။ သင့်ကလေးရဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်နိုင်မယ့်လူသိနည်းတဲ့ လျှို့ဝှက်ချက်အနည်းငယ်ကို ဝေမျှပေးလိုက်ပါတယ်…
အသံကျယ်ကျယ်ဖြင့်စာဖတ်ပေးခြင်း
ကျယ်၍ ပြတ်သားသော အသံနဲ့ ကလေးများအား စာဖတ်ပြခြင်းဟာဆိုရင် ကလေးတွေရဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်နိုင်မယ့် အမြန်ဆုံးနည်းလမ်းများ ထဲမှ တစ်ခုဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ကြားရတဲ့ အသံကနေတစ်ဆင့် အသံထွက်မှန်ကန်စွာနဲ့ စကားလုံးတွေကို ဘယ်လိုပြောရမလဲဆိုတာ သင်ယူကြလေ့ ရှိပါတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ကလေးတွေကို အသံကျယ်လောင်စွာ နဲ့ စာဖတ်ပြလိုက်ခြင်းကြောင့် အကြောင်းအရာတွေကို ပိုမို နားလည်နိုင်စွမ်း ရှိလာစေပါတယ်။ သူတို့က လူကြီးတွေရဲ့ စာဖတ်သံ ကို ကြားရတဲ့အခါမှာ ကြားရတဲ့အရာကို သူတို့ဘာသာ လိုက်ပြောလေ့လည်း ရှိကြပါတယ်။
မေးခွန်းများမေးကြပါစေ
ကလေးတွေရဲ့ မေးခွန်းမေးတတ်တဲ့ အမူအကျင့်ဟာဆိုရင် ဦးနှောက်စွမ်းရည်ကို မြှင့်တင်ရာမှာ အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေ အဓိကပါဝင်နေပါတယ်။ မေးခွန်းများမေးခြင်းဟာဆိုရင် ဉာဏ်ရည်တိုးပွားခြင်းရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ မေးခွန်းများများမေးတတ်တဲ့ ကလေးများဟာ ဉာဏ်ကောင်းတဲ့ကလေးများဖြစ်ကြပါတယ်။ မေးခွန်းများမေးခြင်းဟာဆိုရင် သင့်ရဲ့ကလေး အရင်သိထားတာထက် ပိုပြီးသိရှိလိုကြောင်း ဆိုလိုခြင်းဖြစ်ပါတယ်။ မေးခွန်းတွေမေးပြီး ပိုပြီးသိလာတဲ့အခါ အသိပညာဗဟုသုတများအတွက် လမ်းဖွင့်ပေးထားသလိုလည်းဖြစ်စေပါတယ်။ မေးခွန်းများမေးခြင်းကြောင့် ပို၍သိလေလေလ ကလေးများ၏ ဦးနှောက်စွမ်းအား ပိုကောင်းလာလေလေ ဖြစ်ပါတယ်။ ဒါကြောင့် သင်ရဲ့ကလေး မေးခွန်းမေးတဲ့ အခါ မမေးဖို့ ဘယ်တော့မှ မတားမိပါစေနဲ့ ။ ပေါက်ကရမေးသော မေးခွန်းဖြစ်ပါစေ မေးခွင့်ပြုစေရန် လိုအပ်ပြီး မေးခွန်းတိုင်းအတွက်လည်း သေချာစွာ အဖြေ ပြန်ဖြေပေးရန် လိုအပ်ပါတယ်။